EAJS 2026 ခရီးစဉ်ထောက်ပံ့မှုအစီအစဉ်အတွက် လျှောက်လွှာခေါ်ယူခြင်း

ဂျပန်ဖောင်ဒေးရှင်း (The Japan Foundation – JF) သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်မှ ၃၀ ရက်အထိ ပိုလန်နိုင်ငံ၊ Poznań မြို့တွင် ကျင်းပမည့် EAJS 2026 အစည်းအဝေးသို့ တက်ရောက်မည့် မျိုးဆက်သစ်ပညာရှင်များအတွက် ခရီးစဉ်ထောက်ပံ့မှုအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဤအစီအစဉ်သည် ပညာရှင်များ၏ ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ပံ့ပိုးပေးရန်နှင့် အရှေ့တောင်အာရှရှိ ဂျပန်ရေးရာလေ့လာရေးပညာရှင်များအကြား ခိုင်မာသော ကွန်ရက်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ပါသည်။

အစီအစဉ်၏ အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ အစီအစဉ်ဖော်ပြချက်

ဤအစီအစဉ်သည် မျိုးဆက်သစ်ပညာရှင်များ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်မှ ၃၀ ရက်အထိ ပိုလန်နိုင်ငံ၊ Poznań မြို့တွင် ကျင်းပမည့် EAJS 2026 အစည်းအဝေးသို့ တက်ရောက်ရန် ခရီးစဉ်ကုန်ကျစရိတ်များကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ ပညာရှင်များ၏ ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ပံ့ပိုးပေးရန်နှင့် အရှေ့တောင်အာရှရှိ ဂျပန်ရေးရာလေ့လာရေးပညာရှင်များအကြား ခိုင်မာသော ကွန်ရက်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ပါသည်။

ထို့အပြင် အစည်းအဝေးကာလအတွင်း ဂျပန်ဖောင်ဒေးရှင်းမှ စီစဉ်သော အောက်ပါအစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

  • ဩဂုတ်လ ၂၇ ရက်မှ ၃၀ ရက်: JF အထူးဆွေးနွေးပွဲ (Special Panel)
  • ဩဂုတ်လ ၂၇ ရက်မှ ၃၀ ရက်: နှီးနှောဖလှယ်ခြင်း အစီအစဉ် (Networking event)

 

၂။ လျှောက်ထားနိုင်သူများ

လျှောက်ထားသူသည် အောက်ပါအချက်များနှင့် ပြည့်စုံရမည်ဖြစ်သည်။
(၁) အရှေ့တောင်အာရှနိုင်ငံသားဖြစ်သူ (သို့မဟုတ်) အရှေ့တောင်အာရှရှိ ဂျပန်‌ရေးရာလေ့လာရေးပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။
(၂) မဟာဘွဲ့ (Master’s degree) နှင့် အထက် ရရှိထားသူ (သို့မဟုတ်) ပါရဂူဘွဲ့သင်တန်း တက်ရောက်ရန် ရည်မှန်းထားသော မဟာဘွဲ့သင်တန်းသား ဖြစ်ပြီး ဂျပန်နိုင်ငံနှင့် သက်ဆိုင်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်နေ၍  နိုင်ငံအမျိုးမျိုး၊ သုသေတနနယ်ပယ်အမျိုးမျိုးမှ ပညာရှင်များနှင့် ကွန်ရက်တည်ဆောက်လိုစိတ်ပြင်းထန်သူဖြစ်ရမည်။
(၃) ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၇ ရက်မှ ၃၀ ရက်အထိကျင်းပမည့် အစည်းအဝေးကာလတစ်လျှောက်လုံး တက်ရောက်နိုင်သူဖြစ်ရမည်။ အစည်းအဝေးသို့တက်ရောက်ရန် ဩဂုတ်လ ၂၆ ရက် တွင် Poznań သို့ ရောက်ရှိရမည်ဖြစ်ပြီး ဩဂုတ်လ ၃၁ ရက်တွင် ပြန်လည်ထွက်ခွာရမည်။
(၄) အင်္ဂလိပ်ဘာသာစကားဖြင့် ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်သူ ဖြစ်ရမည်။
(၅) EAJS 2026 အစည်းအဝေးတွင် ပြောကြားမည့် သုတေသနစာတမ်းအား EAJS ရွေးချယ်ရေးကော်မတီမှ လက်ခံအတည်ပြုခံထားရသူ ဖြစ်ရမည်။

 

၃။ ဦးစားပေးမည့်အချက်များ

(၁) အရှေ့တောင်အာရှ (သို့မဟုတ်) အာရှဒေသတွင်းလေ့လာမှုနှင့် ဂျပန်ရေးရာလေ့လာရေးကို ပေါင်းကူးဆက်စပ်သော သုတေသနများကို ဆောင်ရွက်နေသူများ၊ ဒေသတစ်ခုနှင့် တစ်ခုအကြား လူသားချင်း အပြန်အလှန်ဖလှယ်မှုများမှတစ်ဆင့် အာဆီယံနိုင်ငံများအတွင်း ဂျပန်ရေးရာလေ့လာရေး မြှင့်တင်ရေးတွင် ပါဝင်ကူညီပေးနေသူဖြစ်ရမည်။
(၂) လူငယ်ပညာရှင်များ သို့မဟုတ် လူငယ်ပညာရှင်များ ပြုစုပျိုးထောင်ရေးတွင် ပါဝင်ကူညီနိုင်သူများ။
(၃) အခြားသော ရန်ပုံငွေထောက်ပံ့မှု မရရှိထားသူများ။

 

၄။ ထောက်ပံ့ပေးမည့်အချက်များ

(၁) အစည်းအဝေးမှတ်ပုံတင်ကြေး (Conference registration fee)။
(၂) နေရပ်နှင့် အနီးဆုံးလေဆိပ်မှ Poznań လေဆိပ်အထိ အသွားအပြန် လေယာဉ်လက်မှတ် (*Discount-economy class သာဖြစ်ပြီး ပြည်ပခရီးသွားအာမခံကြေးနှင့် ဝန်ပိုခများ မပါဝင်ပါ)။
(၃) တည်းခိုစရိတ် (၅) ညစာ (ဩဂုတ်လ ၂၆ရက် ဝင်၊ ဩဂုတ်လ ၃၁ရက် ထွက်)။

(*လေယာဉ်ခရီးစဉ် အချိန်ဇယားကြောင့် အစည်းအဝေးမတိုင်မီ အပိုတစ်ည တည်းခိုရန်လိုအပ်ပါက အခြေအနေအပေါ်မူတည်၍ တစ်ဦးချင်းအလိုက် ညှိနှိုင်းတိုင်ပင်နိုင်ပါသည်။)

(*ဂျပန်ဖောင်ဒေးရှင်းမှ သတ်မှတ်ထားသော ဟိုတယ်တွင်သာ တည်းခိုရမည်။)

၅။ လျှောက်ထားရန် အဆင့်ဆင့်

လျှောက်လွှာပုံစံ (Application Form) နှင့် ကိုယ်ရေးရာဇဝင် (CV – အကယ်၍ရှိပါက) တို့ကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ၏ အီးမေးလ် japanesestudies.jfyg@jpf.go.jp သို့  ၂၀၂၆ ခုနှစ် မေလ ၇ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

Application Form (EAJS 2026)

Handling of Personal Information (EAJS 2026)

၆။ အခြေခံစည်းကမ်းချက်များ

(၁) ရွေးချယ်ခံရသူသည် အစည်းအဝေးနှင့် ဂျပန်ဖောင်ဒေးရှင်းမှကျင်းပသည့်အစီအစဉ်များကို တက်ရောက်နိုင်ရန် အစည်း‌အဝေးရက်မတိုင်မီ ၁ ရက် (၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်တွင်) Poznań မြို့သို့ ကြိုတင်ရောက်ရှိရမည်ဖြစ်ပြီး အစည်းအဝေးပြီးသည့် နောက်ရက်တွင် ( ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်)  Poznańမြို့မှ ထွက်ခွာရမည်ဖြစ်သည်။

(၂) ရွေးချယ်ခံရသူသည် အစည်းအဝေးမတိုင်မီနှင့် အစည်းအဝေးကာလအတွင်း ကျင်းပမည့် JF ၏ အစည်းအဝေး/အခမ်းအနားများသို့ မပျက်မကွက် တက်ရောက်ရမည်။

(၃) ရွေးချယ်ခံရသူသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ အစီရင်ခံစာ တင်သွင်းရမည်။

(၄) ရွေးချယ်ခံရသူသည် မိမိတို့နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ မိမိတို့၏ သုတေသနရလဒ်များကို တက်ကြွစွာ မျှဝေရန်နှင့် ဂျပန်ရေးရာလေ့လာရေး နိုင်ငံတကာအဆင့်သို့ ပြန့်ပွားတိုးတက်ရေးအတွက် ပါဝင်ကူညီနိုင်ရမည်။

(၅) ရွေးချယ်ခံရသူသည် နောင်တွင် ဂျပန်ဖောင်ဒေးရှင်းမှ စီစဉ်ကျင်းပမည့် ဂျပန်ရေးရာလေ့လာရေးဆိုင်ရာ အစီအစဉ်များ၌လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရမည်။

(၆) ရွေးချယ်ခံရသူသည် ပိုလန်နိုင်ငံသို့ ဝင်ရောက်ရန် လိုအပ်သော ဗီဇာကို မိမိအစီအစဉ်ဖြင့် မိမိစရိတ်ဖြင့် လျှောက်ထားရမည်။

(၇) ဤခရီးစဉ်ထောက်ပံ့မှုသည် ငွေကြေးဆိုင်ရာ ကူညီပံ့ပိုးမှုဖြစ်သော်လည်း ခရီးစဉ်ကုန်ကျစရိတ် အားလုံးကိုထောက်ပံ့ပေးခြင်းမဟုတ်ပါ။ အထက်ဖော်ပြပါ အချက် “ ၄။ထောက်ပံ့ပေးမည့်အချက်များ

တွင် မပါဝင်သော ကုန်ကျစရိတ်များကို ရွေးချယ်ခံရသူကသာ ကျခံရမည်ဖြစ်သည်။ ထို့ပြင် ရွေးချယ်ခံရသူသည် မိမိတို့အစီအစဉ်ဖြင့် မိမိတို့ဘာသာ ခရီးသွားအာမခံ ဝယ်ယူထားရန် အလေးအနက် တိုက်တွန်းပါသည်။

(၈) ရွေးချယ်ခံရသူသည် အထက်ပါစည်းကမ်းချက် (၁) နှင့် (၂) ကို မလိုက်နာပါက သို့မဟုတ် အကြောင်းမဲ့ ပျက်ကွက်ပါက ဂျပန်ဖောင်‌ဒေးရှင်းမှ ကျခံထားသည့် ကုန်ကျစရိတ်များကို ပြန်လည်ပေးလျော်ရမည်ဖြစ်ပါသည်။

(၉) ‌ရွေးချယ်ခံရသူသည် “ လက်ခံကြောင်းပုံစံ” (Acceptance form) တင်သွင်းပြီးနောက်မှ အစဉ်းအဝေးသို့ မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ပါက၊ ၎င်းတို့အတွက် ဂျပန်ဖောင်ဒေးရှင်းမှ ကြိုတင်ကျခံထားပြီးဖြစ်သော ကုန်ကျစရိတ်များကို ပြန်လည်ပေးလျော်ရန် တောင်းဆိုခံရနိုင်ပါသည်။ ငွေပြန်လည်ပေးလျော်မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ဖျက်သိမ်းရခြင်းအကြောင်းရင်းများဖြစ်သည့် ဖျားနာခြင်း၊ အရေးပေါ်အခြေအနေများ သို့မဟုတ် ရှောင်လွှဲမရသော မတော်တဆဖြစ်ရပ်များ (Force majeure) အပေါ် မူတည်၍ တစ်ဦးချင်းအလိုက် သုံးသပ်ဆုံးဖြတ်သွားမည်ဖြစ်ပါသည်။

 

။ စုံစမ်းမေးမြန်းရန်

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ

ဂျပန်ရေးရာလေ့လာရေးဌာန

အီးမေးလ်:japanesestudies.jfyg@jpf.go.jp

Notice & Announcements

View All